ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၁၀

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်သည်။

လူငယ်စကားဝိုင်းအခမ်းအနားကို ပထမဦးစွာ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးအောင်မိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက်ကျင်းပရာ Grade-11 ကျောင်းသားမောင်ကောင်းခန့်လင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ထူးအောင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အာကာထက်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မယုဝတီသန့်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မကြယ်စင်ဖူးက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား အသီးသီးမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြကာ လူငယ်စကားဝိုင်းကိုရုပ်သိမ်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံ (အထက်တန်းပြဆရာမကြီး) ဒေါ်နီလာမြတ်ခင်ပေါ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မိုးကျော်၊ ကျောင်းသား/သူမိဘများ၊ ကျောင်းအုပ်ကြီးကိုယ်စား တာဝန်ခံဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၇၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ ဆက်)