ဒဂုံ(တောင်) ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင်လ ၈ ရက်နေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇံမိုးနုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသက်ဝေ စာရေးဆရာသက်ဝေမောင်က အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ကြောင်း သိရှိရသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ လူငယ်များက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ကျော်စွာမိုး