ချမ်းမြသာစည် ဇူလိုင် ၁၀
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ လူငယ်များအသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် စကားပြောစွမ်းရည်များ တိုးတက်လာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်စိမ်းဝင်းက Moderatorအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-10နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပရဟိတ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းသား/ ကျောင်းသူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့