မက်မန်း ဇူလိုင် ၉
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ သီတင်းသုံးနေထိုင်မူနေသော င်္သဃာတော်အရှင်သူမြတ်တို့အား မြတ်သောဒါနဖြစ်သည့် (၃၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ ပညာဒီပကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ပညာဒီပကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္ဒစန္ဒသိရီ အရှင်မြတ်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်မြတ်တို့မှ ပရိတ်တရား တော်များချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်ဇနီး ဒေါ်ညို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ် (၂၂၅)ခြေလျင်တပ်ရင်း ယာယီတပ်ရင်းမှူးနှင့်အရာရှိအရာခံ အကြပ်စစ်သည်များ၊ အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ်တပ်မှူးနှင့် အရာရှိအရာခံအကြပ်စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်ဇနီး ဒေါ်နှင်းယုဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ဖိရပ်ဖများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ဘုရားကြီးမှ အနုမောဒနာတရားတရားချီးမြှင့်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဩကာသအမွှန်းတင်ကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့ခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆိုဆုတောင်း၍ ရတနာရွှေမိုးငွေမိုး ရွားသွန်းခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကာ ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)