တပ်ကုန်း ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းချမ်းက မြို့နယ်အတွင်းစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲသိမ်းဆည်းပေးနေမှု၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်ရေးမှူး ဦးအောင်နိုင်မင်းက အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်ရေးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန့်ကိုက ပလပ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းချမ်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသော အမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်