ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မူလတန်းကျောင်းသား၊‌ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများဖြစ်ပွားမှုမှကင်းဝေးစေရန်  After Lunch tooth brushing activity  အပတ်စဉ်ဆောင်ရွက်

ဒဂုံ(တောင်) ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိူ့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မူလတန်း အရွယ် ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန် ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းတို့၌ ဆောင် ရွက်ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်  ရန်ကုန်တိုင်း‌ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး(သွားကျန်းမာ) ဒေါက်တာကွန်စတန် ဦးဆောင်သော အနောက်ပိုင်းခရိုင် ပြည်သူ့‌ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ သာကေတ အထူးကုဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေနှင့်အဖွဲ့၊ မြို့နယ်ပညာရေးဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်ဦးဆောင်သော ပညာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းဝင်များ၊ကြက်‌ခြေနီအသင်း၊ ပရဟိတလူမှုကူညီ‌ရေး အသင်း အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ၊ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွားပိုးစားရောဂါ ဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဉ်များ၊ စစ်မှန်သော သွားတိုက်နည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး သွားတိုက်နည်းကို သရုပ်ပြပုံနှင့်တကွ လက်တွေ့ သရုပ်ပြသပေးကြသည်။

ယင်းနောက် ကလေးငယ်များအတွက်  BPI သွားတိုက်ဆေးနှင့်သွားတိုက်တံ များကို  ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ပြီး ကလေးငယ်များအား စနစ်တကျ လက်တွေ့ သွားတိုက်စေကြောင်းနှင့် After Lunch tooth brushing activity  ကို အပတ်စဉ် ရက်များ သတ်မှတ်ထားကာ အခြေခံပညာကျောင်းများ၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)