မိုးညှင်း ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီက ရွာသစ်ကြီးကျေးရွာအုပ်စုမှ တောင်သူ (၁၂၉)ဦး ဧက(၈၅၂) ဧကအတွက် ချေးငွေကျပ် (၁၂၇၈)သိန်းအား အဆိုပါဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါထုတ်ချေးပေးရာတွင် ကချင်ပြည်နယ်မန်နေဂျာ ဦးစိုးကိုကိုဝင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၁၉၅၃ ခုနှစ်မှစတင်၍ တောင်သူများအား ယနေ့အချိန်အထိ စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် သတ်မှတ်ထားသည့် ချေးငွေကာလကို အလေးထားစေလိုကြောင်း၊ တောင်သူများအနေဖြင့် ချေးငွေများကို စိုက်ပျိုးရေး အတွက် အကျိုးရှိစွာအသုံးပြုရာတွင် နိုင်ငံတော်အတွက်လည်း စားရေရိက္ခာများ ဖူလုံမှုရှိလာမည် ဖြစ်ကြောင်းနှင့် ချေးငွေများပြန်ပေးဆပ်ရာတွင် သက်မှတ်ချိန်ကာလအတွင်း ညွှန်ကြားချက်နှင့်အညီ ဘဏ်ခွဲသို့ ကိုယ်တိုင်လာရောက် ပေးဆပ်စေလိုကြောင်း တိုက်တွန်းပြောကြားပြီး တောင်သူများမှ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်မန်နေဂျာက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကိုပေးအပ်ရာ ပြည်နယ်မန်နေဂျာ ဦးစိုးကိုကိုဝင်း၊ ခရိုင်ဘဏ်(ခွဲ)မန်နေဂျာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်ဝယ်အရောက် အသီးသီး ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းခရိုင်ဘဏ်(ခွဲ)အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၂)အုပ်စုမှ တောင်သူ (၃၆၀၀)ဦးအား တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းနှုန်းဖြင့် မိုးစပါးစိုက်ပျိုးဧက (၂၆၇၀၀)ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ်သိန်းပေါင်း လေးသောင်းကျော်ကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း