တောင်ဥက္ကလာပ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မမိတ်ဆွေသူတော်စင်များ၏ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ (၁၁)ရပ်ကွက်လုံးဆိုင်ရာ သာသနာ့ဟိတ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက ဘုရားအမှူးရှိသော ပင့်သံဃာတော်အရှင်သူမြတ်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ပင့်သံဃာတော်အရှင်သူမြတ်များမှ ဓမ္မာစကြာအခါတော်နေ့ ဝါဆိုလပြည့်နေ့ တရားတော်ဟောကြားတော်မူပြီး (၁၁)ရပ်ကွက်မိသားစုများ၊ အလှူရှင်များနှင့် ဓမ္မမိတ်ဆွေသူတော်စင်များက ပင့်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ပင့်သံဃာ တော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကုသိုလ်ပြုလာရောက်ကြသော အမှတ်(၁၁)ရပ်ကွက်မိသားစုများ၊ ဓမ္မမိတ်ဆွေသူတော်စင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့အား အလှူရှင်များက ထမင်းဟင်းလျာနှင့်ရေခဲမုန့်တို့ကို အာဟာရဒါန ဧည့်ခံကျွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)