ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပင်လုံ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းနှင့် ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ကလေးများကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာ​​ပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းလေးများ ရရှိစေရန် ဉာဏ်ရည်ထက်မြတ်စေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန်၊ စိတ်ကူးစိတ်သန်းများ ကောင်းမွန်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား/ ကျောင်းသူလေးများဖြစ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဟောပြော၍ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပပေးခဲ့သည်။ ထို့နောက်(၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အထ္တုပ္ပတ္တိအကျဉ်းနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)