ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား

အမရပူရ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မန္တလေးစွယ်တော်မြတ်စေတီတွင် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဝါဆိူလပြည့်နေ့ နံနက်ပိုင်းတွင် အဆိုပါဘုရားပရဝုဏ်အတွင်း ပင့်သံဃာဆရာတော်ကြီး ၁၁ပါးတို့ကို ပင့်ဖိတ်ပြီး အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြပြီး လက်သမားဂူကျောင်းတိုက်ဆရာတော်ထံမှ တရားနာယူခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် အဆိုပါဘုရားပရဝုဏ်အတွင်း ဓမ္မာစင်္ကြာအသင်းများက ဝတ်ရွတ်ပွဲကို ကျင်းပခဲ့ရာ ညနေပိုင်းတွင် ဘုရားဖူးပြည်သူများနှင့် အထူးစည်းကားလျက်ရှိကြောင်း ဘုရားဂေါပကများထံမှ သိရသည်။

စိုးသီဟ(အမရ)