ရပ်စောက် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုရုံး(Community Center)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်(၂) ဦးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းလွင်က စာပေချစ်မြတ်နိုးသူများအသင်း၏ စည်းမျဉ်း စည်းကမ်းများရှင်းလင်းခြင်း၊ အသင်းဝင်ဦးရေတင်ပြခြင်း၊ ညှိနှိုင်းရေးမှူးအသစ်ရွေးခြယ်ခြင်း၊ ဘဏ္ဍာရေးမှူးအသစ်ရွေးခြယ်ခြင်း၊ စာရင်းစစ်ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club)နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်ကြည်ဌေးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “စာဖတ်လေလေ တိုးတက်လေလေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသောအဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)