လယ်ဝေး ဇူလိုင် ၁၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ဝင်တဲကူးကျေးရွာ ရွှေပြည်ဝင်စာကြည့်တိုက် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် စာကြည့်တိုက်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဝင်တဲကူးကျေးရွာအုပ်စု၊ သစ်တောကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာကျော်နှင့် ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယင်လုံအိမ်သာရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးမှုအား စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရောဂါများကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် သစ်တောကျေးရွာ၊ မူလတန်းလွန်ကျောင်းသို့သွားရောက်၍ ငလျင်ဘေးကြောင့် ကျောင်းဆောင်ပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ရွှေကျင်ကျေးရွာ၊ ရွှေကျင်အေးစာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုနှင့် ကုန်းပေါ်စုကျေးရွာ၊ ပညာ့အားမာန်စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးကာ ဆောက်လုပ်ပြီး စာကြည့်တိုက်များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ ကလေးငယ်များစာကြည့်တိုက်ကို အသုံးချတတ်လာစေရေး၊ စာကြည့်တိုက်ရေရှည် ရှင်သန်ခိုင်မာရေးတို့အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)