ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိုးနဲမြို့သို့ရောက်ရှိ ယာစပါးမျိုးသန့်ပွား စံပြစိုက်ခင်းနှင့်ယာစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေး

မိုးနဲ ဇူလိုင် ၉

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နမ့်စန်ခရိုင် မိုးနဲမြို့နယ်သို့ ယနေ့နံနက် ၈ နာရီအချိန်ကရောက်ရှိ၍ မိုင်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ယာစပါးမျိုးသန့်ပွား စံပြစိုက်ခင်းနှင့် ယာစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ယာစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခင်းကျင်းပြသထားသော မြေပဲ၊ စပါးမျိုးများနှင့် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများကိုကြည့်ရှုခဲ့ပြီး တောင်သူများ ကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး သရုပ်ပြ နည်းပညာပေးခြင်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက်တောင်သူများက မိုးကြီးမှုများကြောင့် ချောင်းရေများလျှံပြီး စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်းများ သဲနုန်းများ ဆယ်ယူပေးနိုင်ရေးကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများအနေဖြင့် ကွင်းဆင်းစိစစ်ကြည့်ရှု၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

မျိုးညွန့်