မြစ်သား ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါနှင့် ၀မ်းပျက်ဝမ်လျှော ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းကာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ခိုအောင်နိုင်သည့် သောက်ရေအိုးများ၊ ဘုရားပန်း အိုးများ၊ ကားတာယာများ၊ အိုးခွက်များတွင် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နေအိမ်များတွင် ချိုင့်ခွက်များရှိပါက မိုးရာသီတွင် ရေအောင်းကာ ခြင်ခိုအောင်နိုင်သဖြင့် မြေဖို့ခြင်းများ ဆောင်ရွက်ရန်နှင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ကျန်းမာရေး၀န်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)