ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၅)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၉

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၅)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျ သဘာပတိဦး‌ဘိုးသင်းနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော်ဘဒ္ဒန္တဂုဏာ လင်္ကာရထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ( ၁၁၇ )ဦးက ၆ကျပ်သားရွှေပြား ၆ ချပ် နှင့် တစ်ကျပ်သား ရွှေပြား ၁၆၂ ချပ် စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၁၆၈ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၂၁၆) ဦး အပါအ၀င် လှူဒါန်းငွေ စုစုပေါင်း ကျပ် ၄၆၇၀၃၃၅၂၅၁/ (ကျပ်သိန်းပေါင်း လေးသောင်းခြောက်ထောင်ခုနစ်ရာ သုံးသိန်းသုံးသောင်းငါးထောင်နှစ်ရာ ငါးဆယ့်တစ်တိတိ)ဖြစ်ကြောင်း သိရသည်။

အောင်မြင့်