ဒဂုံ ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့ နေ့လယ် ၁၂:၀၀ နာရီက စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ကျောင်းစာကြည့်တိုက်တွင် ပုံပြင်ပြောပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာထွေးမှ လူကုန်ကူးမခံရအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြာင်း၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ဖြစ်ပေါ်လာစေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ထိန်းသိမ်းရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲကို ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကို စာအုပ်များငှားပေးခြင်း၊ ပုံပြင်များပြောပြခြင်း၊ ကလေးများ ပုံပြင်နားထောင်ပြီး ပြန်ပြောပြစေခြင်း၊ ကလေးများ ဖတ်မှတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲများ စဉ်ဆက်မပြတ် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရသည်။
လဲ့လဲ့(ပြန်/ဆက်)