ချမ်းမြသာစည်မြို့နယ် အမှတ်(၃၆)အ.ထ.က၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ(၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းမြင့်က ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတွင် “မမေ့နိုင်သောအစဉ်အလာ၊ အာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၁၈)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၅၂)ဦး၊ မူလတန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် “အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၆၅)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရှိရသည်။

ချမ်းမြေ့