နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးရေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာနေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍ အခြေခံဖြစ်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းသော သီးနှံများနှင့်သား၊ငါးကဏ္ဍများဖွံ့ဖြိုးလာရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများ ရာသီပြည့် စိုက်ပျိုးနိုင်ရေးနှင့်  အလေးပန်းတိုင်အထွက်နှုန်း ရရှိရေးကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မျိုး၊မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဆက်စပ်ဌာနများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို