မင်္ဂလာဒုံ ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်အတွင်း သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အမှိုက်သိမ်းဆည်းမှု လွယ် ကူစေရန်အတွက် အမှိုက်ပုံးများ အရောင်ခွဲခြားထားရှိပြီး အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားရှိဆောင်ရွက်ခြင်းကို မြို့နယ်ဌာနဆိုင်ရာ ရုံးများနှင့် ဈေးများ၌ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှိုက်များ စွန့်ပစ်ရာ၌ အမှိုက်ပုံးကို အဝါ၊ အစိမ်း၊ အနီ၊ အပြာဖြင့် အရောင်လေးမျိုးခွဲခြားထားရှိပြီး၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊ သစ်သားစ စသည့် စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ အတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများဖြစ်သော မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအတွက် အပြာရောင် အမှိုက်ပုံးတွင်လည်းကောင်း၊ စွန့်ပစ်ရမည် ဖြစ်ကြောင်း မြို့နယ်ရေနှင့်သဘာ ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ အသိပေးဆောင်ရွက်ခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း အဆိုပါ အမှိုက်ပုံးများကို ဌာနဆိုင်ရာရုံးများ၊ ပန်းခြံများ၊ စျေးများ၊ ပုဂ္ဂလိကကိုယ်ပိုင်စျေးများ၊ စာသင် ကျောင်းများတွင် စွန့်ပစ်အမှိုက်များအား အမျိုးအစားလေးမျိုး ခွဲခြား၍ သတ်မှတ်အမှိုက်ပုံးတွင်သာ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် သန့်ရှင်းရေးတာဝန်ခံရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ ရတနာစျေး၊ ရတနာသီရိစျေး၊ မင်္ဂလာစျေး၊ Terminal ကိုယ်ပိုင်စျေးနှင့် မြနန္ဒာပန်းခြံ၊ မင်္ဂလာကန်ပန်းခြံတို့တွင် စတင်ထားရှိ အသုံးပြုလျက်ရှိပြီး၊ ကျန်ရှိသော ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင်လည်း ဆက်လက်ထားရှိအသုံးပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအုပ်ချုပ်ရေးမှူးရုံး အမှုဆောင်အရာရှိ ဦးသန်းဦးက ပြောကြားသည်။
မြို့နယ်ရေနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသော အမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)