မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် (အောင်နိုင်တိုး) မျိုးသန့်ပွား စိုက်ခင်းတောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် (အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်းတောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲက မယ်နင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန (ကျိုင်းတုံ)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက ဓာတ် မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အောင်နိုင်တိုး မိုးစပါး၏ အရည်အချင်း လက္ခဏာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီး မှူး ဦးလှဝင်း၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးဇော်ခင်ထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းညွန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်တို့က မယ်နင်ကျေးရွာအုပ်စု အတွင်းရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ တစ်ဧက လျှင် (၁)အိတ်နှုန်းစီဖြင့်လည်းကောင်း၊ သဘာဝဓာတ်မြေဩဇာတစ်ဧကလျှင် (၄) အိတ်နှုန်းဖြင့် လည်းကောင်း စုစုပေါင်း(၂၁)ဧကအတွက် ဓာတ်မြေဩဇာများ ပေးအပ်ရာ ကျေးရွာနေ တောင်သူများက လက်ခံရယူသည်။

ယင်းနောက် (အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်းတောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကို မယ်နင်ကျေးရွာအုပ်စုမှ တောင်သူ ဦးရှာမွေလှ၏ ကွင်းအမှတ်(၂၅)၊ ဦးပိုင်အမှတ်(၂၇)၊ စိုက်ဧက ၅ ဧက၌ ပြုလုပ်ရာ အခမ်းအနား တက်ရောက်လာသူတို့က ကြည့်ရှုအားပေးခဲ့ကြပြီး သရုပ်ပြစိုက်ပျိုး ခဲ့ကြသည့် ကောက်စိုက်သမများအား တာဝန်ရှိသူတို့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရ သည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)