ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇူလိုင် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျောက်နီမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွေးမြူရေးဇုန်အတွင်းရှိ ရှင်းလင်းဆောင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က မွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ထားရှိသည့် မွေးမြူရေးရုံများဆောက်လုပ်ပြီးစီးမှုအခြေအနေ နွားမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ မွေးမြူရေးဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ တိရစ္ဆာန်အစာပင်မြက်မျိုးများ စိုက်ပျိုးထားရှိအမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ၊ မွေးမြူရေး ဇုန်ပတ်လည်တွင် အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ၊ နွားကောင်ရေ တိုးမြှင့်မွေးမြူနိုင်ရေး၊ အခြေခံအဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းများအား တိုးတက်မှုရှိအောင် ဆောင်ရွက်ကြရန်၊ မြေလပ်များပေါ်တွင် စိုက်ပျိုးသီးနှံများကို ရာသီနှင့် ကိုက်ညီမည့် သီးနှံများ စိုက်ပျိုးရန်၊ ခြံစည်းရိုးပတ်လည်တွင် နှစ်ရှည်စားပင်းသီးပင်များစိုက်ပျိုးရန်  စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်းရှိ ဦးဌေးဝင်း၏ ဒေသနွား မွေးမြူရေးခြံရှိ ဒေသနွားထပ်မံရောက်ရှိမှုအခြေအနေ၊ Super Seven Stars Agri-tech Company Limited နို့စားနွားမွေးမြူရေးခြံရှိ နို့စားနွားထပ်မံရောက်ရှိမှု အခြေအနေ၊ မွေးမြူရေးခြံအတွင်း အလျား ၀၀ ပေ၊ အနံ ၁၀၀ ပေ အကျယ်အဝန်းရှိ နွားမွေးမြုရေးခြံအမှတ် (၁) အဆောက်အဦ တည်ဆောက်နေမှုများ၊ ဦးသန်းမင်းစိုး၏ နို့စားနွားမွေးမြူရေးခြံရှိ နို့စားနွားထပ်မံရောက်ရှိမှု အခြေအနေနှင့် ဇုန် အတွင်းရှိ ငါးမွေးမြူရေးကန် အမှတ် (၁)၊ အမှတ်(၂)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင်၊ ဆင်တဲဂုန်လျှော် ခြံအတွင်းရှိ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့ ထုတ်စိုက်ခင်း၊ စိုက်ဧက (၁၃)ဧက အောင်မြင်ဖြစ်ထွန်း နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မျိုးကောင်းမျိုးသန့် ရရှိစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင် (ပြန်/ဆက်)