တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တိုက်ကြီး ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် စာပေမှပေးသော သုတ၊ ရသများ၊ ဗဟုသုတများကို မျှဝေနိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အပြောင်းအလဲစာအုပ်မှ လူငယ်နဲ့ပရဟိတခေါင်းစဉ်ပါ သူတစ်ပါးအကျိုးကို လုပ်ဆောင်ခြင်းဖြင့် မိမိအကျိုးအတွက် အားကောင်းသည့် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပုံ၊ အနာဂတ်၏ဝန်ကို ပခုံးလွှဲတာဝန်ယူရမည့် လူငယ်များအနေဖြင့် အမှန်တရားအတွက် ရပ်တည်ရဲသည့် စိတ်ဓာတ်မွေးမြူရန်လိုအပ်ပုံနှင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် အရာရာကိုဝေဖန်ပိုင်းခြားနိုင်ပြီး ခိုင်မာသည့်ဆုံးဖြတ်ချက်ချနိုင်ရန် လိုအပ်ပုံတို့ကို ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးနေသွေးဇော်က လူငယ်နဲ့သိစိတ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးထွန်းအောင်က လူငယ်နဲ့ အပြောင်းအလဲခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ (Book Club) အဖွဲ့ဝင်များက လောကတွင် မဟုတ်တာ မဟုတ်မှန်တာကို တားမြစ်၊ ပြောဆို၊ ဝေဖန်ခြင်းသည် သူတော်ကောင်းတို့၏ လုပ်ရပ်ဖြစ်ကြောင်း၊ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်သည့်အခါ ရဲဝင့်စွာဖော်ဆောင်နိုင်ရန်၊ သတ္တိရှိရှိရင်ဆိုင်နိုင်ရန်လိုအပ်ကြောင်းနှင့် စစ်မှန်သည့် အပြောင်းအလဲကိုဖော်ဆောင်နိုင်သည့် လူငယ်များစွာ ပေါ်ထွက်နိုင်ရန်လိုအပ်ကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)