ဘီးလင်းမြို့နယ် ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ဘီးလင်း ဇူလိုင် ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြို့နယ်ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ငြိမ်းချမ်းရိပ်မြုံ ဓမ္မာစရိယသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တဦးကောဝိဒထံမှ ငါးပါးသီလခံယူခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်နှင့် ပညာရေးမိသားစုများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရိပ်မြုံကျောင်းတိုက်ဆရာတော်က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘီးလင်း (ပြန်/ဆက်)