တိုက်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာဖတ်ခြင်း၏အရသာခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိပညာအတတ်ပညာ ပိုမိုတိုးတက်အောင် တစ်ဦးချင်းကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနည်းဆုံးနှင့် အကျိုးရှိပုံအထိရောက်ဆုံးအလုပ်မှာ စာဖတ်ခြင်းဖြစ်ကြောင်း၊ မည်သည့်အရွယ်တွင်ဖြစ်ဖြစ် စာဖတ်လျှင် အသိပညာအတတ်ပညာ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏အရသာကို စာကောင်းပေကောင်းဖတ်ရှုသူများက ကောင်းစွာခံစားသိရှိနိုင်မည်ဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောသည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ်စာစောင်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲကိုပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)