တိုက်ကြီး ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ပြည်သူများ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရေးနှင့် မြေငှားဂရန်ရရှိရေးအတွက် ကျေးရွာ/မြို့မြေများ ပြန်လည်တိုင်းတာပေးနိုင်ရေး ရည်ရွယ်၍ တစ်လကြာဖွင့်လှစ်သင်ကြားခဲ့သော Training Course On Town Land Survey No-16 သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲက တိုက်ကြီးမြို့၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး) ဦးသိန်းစိုးမင်းက မြို့ကွက်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမြဲအမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်တတ်စေရန်၊ မြို့ကွက်တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ခေတ်မီစက်ကိရိယာပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်တတ်စေရန်နှင့် မြို့ကွက်တိုင်းတာခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ ရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား ၈၀ ဦး တက်ရောက်ခဲ့ပြီး နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ၊ မြန်မာနိုင်ငံတော်အောက်ပိုင်း မြို့ရွာရှိ မြေယာလက်စွဲအက်ဥပဒေ၊ မြန်မာနိုင်ငံတော်အထက်ပိုင်း မြေခွန်တော်လက်စွဲဥပဒေ၊ ၁၉၁၃ ခုနှစ် မြန်မာနိုင်ငံတော် မြို့ရွာဥပဒေဆင့်ဆိုချက်၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေ၊ မြို့ကွက်တိုင်းတာရာတွင် မြေပြင်ထိန်းအမှတ်(GCP)နှင့် ချိတ်ဆက်တိုင်းတာသည့်နည်းလမ်းများ၊ Total Station ဖြင့် မြို့ကွက်တိုင်းတာခြင်းနည်းလမ်းများ၊ Geomedia ဖြင့် မြေပုံရေးဆွဲခြင်း၊ Monochrome Plotter ဖြင့် မြေပုံထုတ်ခြင်းနည်းလမ်းများ စသည့်ဘာသာရပ်များကို မိမိတို့မြို့ရွာများတွင် လက်တွေ့ဆောင်ရွက်နိုင်ရေး နည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)