ဒဂုံဆိပ်ကမ်း ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအခြေပြုငလျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ငလျင်နှင့်ပက်သက်၍ ကြိုတင်ခန့်မှန်းလို့မရသည့်အတွက် ငလျင်ဖြစ်ပေါ်လာပါက ကျောင်းသား/များအနေဖြင့် လိုက်နာရမည့် နည်းလမ်းများအတိုင်း ကိုယ်တိုင်လက်တွေ့ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သော ရေဘေး၊ မီးဘေးများဖြစ်ပေါ်လာပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ကြိုတင်မှတ်သားထားရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းက ငလျင်ဖြစ်ပွားရခြင်းအကြောင်းရင်းများ၊ ငလျင်ကြောင်း ပျက်စီးဆုံးရှုံးနိုင်မှုများ၊ နောက်ဆက်တွဲ ငလျင်များအကြောင်းနှင့် ASR Level 1, 2, 3, 4, 5 အကြောင်းကို ကျောင်းသား/သူများ သိရှိနိုင်ရန် ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက လူနာလက်တွေ့သယ်ဆောင်ခြင်း၊ ရေဘေးကယ်ဆယ်ရေးအတွက် life Jacket ဝတ်ဆင်ခြင်းနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက Power Unit အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများအား လက်တွေ့သရုပ်ပြခဲ့ပြီး ငလျင်အချက်ပေးခရာဖြင့် အချက်ပေး၍ ကျောင်းသား/သူများက ငလျင်လှုပ်ခတ်နေစဉ်နေရာယူခြင်းအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)