ရန်ကုန် ဇူလိုင် ၈
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၃)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မိုးရာသီကာလအတွင်းအဖြစ်များသော ရာသီတုပ်ကွေးများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် ပတ်သက်ပြီး လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်ရှောင်ရန် အချက်များအကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်ပြန်ဆက်)