ကော့မှူး ဇူလိုင် ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာ မူလွန်(လက်ခိုက်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုကြရန်၊ စာမှန်မှန်ဖတ်တဲ့လူတွေဟာ သူတို့ရဲ့ဘဝကို တစ်စတစ်စတိုးတက်ကောင်းမွန်အောင် ပြောင်းလဲနိုင်ကြစမြဲဖြစ်ကြောင်း၊ စာမဖတ်တဲ့သူကတော့ အသက်မွေးဝမ်းကျောင်း ဘာပဲလုပ်လုပ် ကြီးပွားတိုးတက်လောက်အောင် အမြော်အမြင်၊ အကြံကောင်း၊ ဉာဏ်ကောင်းမရနိုင်ပါကြောင်း၊ အသိအမြင်ဗဟုသုတဆိုတာ စွမ်းအင်တစ်မျိုး၊ စွမ်းအင်ကို နှိုးဆော်တဲ့အရာဖြစ်ကြောင်း၊ စာဖတ်လေလေတိုးတက်လေလေဖြစ်ကြောင်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သော အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ်စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည့် အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး နံရံစာစောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ