နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးဆုံးအချိန်သည် ကလေးများ၏ဘဝအစ အစောပိုင်းနှစ်များသာဖြစ်သောကြောင့် ကလေးငယ်များဖွံ့ဖြိုးတိုးတက်အောင် လူဘောင်အသိုက်အဝန်းအတွင်း ပြုစုပျိုးထောင်ရာတွင် မိဘများတွင်သာမကဘဲ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း၊ အစောပိုင်းကာလနှစ်များမှာ ကလေးများ၏ ဖွံ့ဖြိုးလျက်ရှိသည့် ကွဲပြားသောဉာဏ်ရည်များကို အခြေခံအုတ်မြစ်အဖြစ်မှတ်ယူကာ တန်ဖိုးရှိသောကလေးများဖြစ်လာစေရန် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အမျိုးမျိုးသော ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လိုအပ်သောပံ့ပိုးမှုများကိုရရှိသည့် လူ့ဘောင်အသိုက်အဝန်းကြားတွင် ဘက်စုံတော်သည့် ကလေးငယ်များ မလွဲမသွေ‌ပေါ်ထွန်းလာမည်ဖြစ်‌၍ နိုင်ငံတော်မှလည်း ကလေးများအတွက် မျှော်မှန်းပြီးကလေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း၊ အနာဂတ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေး၊ကောင်းမွန်သည့် အနာဂတ်ကောင်းများဖန်တီးနိုင်မည့် အခွင့်အလမ်းများကို ပုံဖော်ကာ နိုင်ငံတော်၏ အနာဂတ်အတွက် ကလေးများ၏ အနာဂတ်ကို ပိုမိုတောက်ပလာအောင် ဖန်တီးပေးနိုင်ကြပါစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး‌‌တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွတ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)