ဒဂုံ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ ရွှေတိဂုံ (အနောက်ဖက်မုခ်)၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၀င်ပေါက်များရှေ့နှင့် မြေအောက်လူကူးလမ်း (under pass)အနီးတွင် လမ်းဘေးဈေးသည်များ စနစ်တကျဈေးရောင်းချခြင်းကို စည်းကမ်းထိန်းသိမ်းခြင်းနှင့် ဒဂုံမြို့နယ်အတွင်းရှိ ပန်းခြံများ၊ ကျောင်းများတွင် အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများထားရှိမှုကို ဇူလိုင် ၆ ရက်နေ့ နံနက် (၁၁) နာရီမှ (၅) နာရီ မိနစ် ၅၀ အချိန်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ ပန်းခြံများ၊ ကျောင်းများတွင် အမှိုက်ပုံးများ အရောင်(၄)ရောင်ခွဲ၍ ထားရှိထားသည်။ အစိမ်းရောင်အမှိုက်ပုံးတွင် ပတ်၀န်းကျင်ကိုညစ်ပတ်စေသော အစားအသောက်အစိုများ (ထမင်းကျန်ဟင်းကျန်များ၊ သစ်ရွက်များ) ထည့်ရမည်ဖြစ်သည်။ အဝါရောင်ပုံးတွင် ပြန်လည်အသုံးပြု၍ရသော အမှိုက်များ (စာအုပ်ဟောင်း၊ သတင်းစာဟောင်း၊ ရေသန့်ဘူးဟောင်း၊ ဖန်ပုလင်းများ၊ သံဖြူဘူးဟောင်းများ) စွန့်ပစ်ရမည်ဖြစ်သည်။
အနီရောင်ပုံးတွင် အန္တရာယ်ရှိသောပစ္စည်းများ (အသုံးပြုပြီးသော ဘက်ထရီအိုးများ၊ ရက်လွန်ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ မီးအိမ်ခွက်အဟောင်းများ) စွန့်ပစ်ရမည်ဖြစ်သည်။ အပြာရောင်အမှိုက်ပုံးတွင် မပျက်စီးလွယ်သောအမှိုက်များ (အ၀တ်အစားအဟောင်းများ၊ ပလပ်စတစ်မျိုးစုံ၊ ဆံပင်၊ တခါသုံးပလပ်စတစ်)များ စွန့်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အမှိုက်ပုံးများ ခွဲခြားထားပေးသည်ကို ပြည်သူများသိရှိရန်နှင့် လိုက်နာဆောင်ရွက်မှုရှိမှသာ ပတ်၀န်းကျင်တခုလုံး လှပသာယာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ၀န်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)