ဘားအံ ဇူလိုင် ၈
ဒေသတွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ဒေသထုတ်ကုန်နှင့်စီးပွားရေးကဏ္ဍ များဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများသည် ဇူလိုင် ၈ ရက် နံနက်ပိုင်းက ဒေသတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုသည်။
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်ဧက ၁၄၆၆ ဧကစိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ် သွားမည်ဖြစ်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ၊ ကွင်းအမှတ်-၁၁၆၇ ရှိ ကရင်ပြည်နယ်မျိုးစေ့ထုတ်အသင်း၏ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ တောင်သူများအား မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ ကော့သင်းရှူး၊ ကော့မားကယ်၊ နောင်လုံအနောက်၊ လှိုင်ကားကျေးရွာများမှတောင်သူများ လေ့လာခဲ့ကြပြီး သဘာဝမြေဆွေးပြုလုပ်ရာတွင်လိုအပ်သော အီးအမ်ရည်များကို အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်မျိုးစေ့ထုတ်အသင်း၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်သမများ ပျိုးနုတ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တန်ကြား ပင်ကြားမှန်ကန်စေရေး၊ တစ်ဧကကောက်ကွက် ပြည့်မီရေးနှင့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်စေရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၁၉၂(က)၊ ရေတံခွန်ကွင်းရှိ တောင်သူဦးပြုံး၏မိုး စပါးမျိုးစေ့ထုတ်စိုက်ခင်း ၂ ဒသမ ၁၇ ဧကကို ကြည့်ရှုအားပေးပြီး ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကော့မရမ်းကျေးရွာ၊ ကွင်းအမှတ်-၁၁၈၉(ခ)၊ ထမ္မလောက်ကွင်းရှိ တောင်သူ ဦးအောင်စိုးသိန်း၏ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း ငါးဧကတွင် သဘာဝမြေဩဇာနှင့်ယူရီးယားဓာတ်မြေဩဇာ အချိုးကျရောနှောကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့မရမ်းကျေးရွာရှိ တောင်သူဦးအောင်စိုးသိန်း၏ တစ်ပိုင်တစ်နိုင် အသားတိုးဝက် ၃၅ ကောင် မွေးမြူရေးခြံနှင့် တောင်သူဦးစောချဉ်ချဉ်၏ တစ်ပိုင်တစ်နိုင်အသားတိုး ဝက် ၂၉ ကောင် မွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှအခမဲ့ပေးအပ်သည့် တိရစ္ဆာန်သုံးဆေးဝါးများကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့မရမ်းကျေးရွာအတွင်း အိမ်ခြေ ၇၃ လုံး၊ လူဦးရေ ၃၇၅ ဦးတို့အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဂါလံ၂၄၀၀ဆံ့ အမြင့်တင်ကွန်ကရစ် ရေစင်ဖြင့် ရေပိုက်သွယ်တန်း၊ ရေမီတာတပ်ဆင်၍ အိမ်တိုင်ရာရောက် ကျေးလက်ရေပေးဝေရေး လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)