ချမ်းမြသာစည် ဇူလိုင် ၈
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၃၆) အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်ခင်စိမ်း၀င်းက "လူငယ်နှင့် အပေါင်းအသင်း၊ပတ်ဝန်းကျင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူး ဦးတင်မောင်ဝင်း " လူငယ်နှင့် ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။ ဟောပြောပွဲပြီးနောက် ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင် ခင်းကျင်းပြသထားမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ချမ်းမြေ့ (ပြန်/ဆက်)