တပ်ကုန်းမြို့နယ်၌ ခေါင်နှံမျိုးသန့်ရွေးချယ်စိုက်ပျိုးထားသည့် နွေစပါးနှံကောက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

တပ်ကုန်း ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး  ရေအေးကျေးရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမအနီး၊ ကွင်းအမှတ် ၂၀၄၀၊ ခေါင်နှံမျိုးသန့် ရွေးချယ်စိုက်ပျိုးထားသည့် ဧက ၃၀ စိုက်ကွင်းအတွင်း၊ နွေစပါးနှံကောက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးမြရွှေ၏ လယ်မြေတွင် ကျင်းပခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းနှင့် တောင်သူပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ညောင်တုန်းအိုင်၊ ညောင်ကုန်း၊ ရေအေး၊ တရော်ပင်အင်း၊  ကြံခင်းကုန်းကျေးရွာများမှ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။

ထိုစံကွက်ရိတ်သိမ်းရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်လာသည့် တောင်သူများနှင့်အတူ တောင်သူ ဦးမြရွှေ၏ လယ်မြေနွေစပါးနှံကောက် နှစ်ဧကစိုက်ခင်းတွင် ရိတ်ခြွေစက်ဖြင့် လက်တွေ့စံကွက်ရိတ်သိမ်းပြသခဲ့ရာ သုည ဒသမ ၁၀ ဧက အစိုထွက်နှုန်း ၁၃ တင်း၊ တစ်ဧကလျှင် အစို ၁၃၀ တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရပြီး ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်း ဧက (၃၀) စိုက်ကွင်းတွင်  မြို့နယ်အတွင်းရှိ တောင်သူများ လက်ရှိအစိုက်များသည့် နှံကောက်စပါးမျိုးအား စမ်းသပ်စိုက်ပျိုးပြသခြင်းဖြစ်ကြောင်း၊ တောင်သူများ မျိုးသန့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ ခံစားနိုင်ရန်၊ တောင်သူများကိုယ်တိုင် ကိုယ့်မျိုးကိုယ်ထား မျိုးသန့်ထုတ်လုပ်နိုင်ရေး၊ နည်းပညာများ မျက်မြင်ပြသရန်နှင့် လက်ခံသုံးစွဲလာစေရန် ရည်ရွယ်၍ လက်တွေ့စံကွက်ရိတ်သိမ်းပြသခြင်းဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်