မိုင်းဖြတ် ဇူလိုင် ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ဌာနဆိုင်ရာများ၊အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)