ဆိပ်ကြီးခနောင်တို ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စေနိုင်ပြီး၊ အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေရန်ရည်ရွယ်၍ အမှိုက်ပုံးအားအရောင် ခွဲခြားထားရှိပြီး အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းကို မြို့နယ်ဌာနဆိုင်ရုံးများတွင် စတင်ဆောင်ရွက်လျက်ရှိသည်။
အမှိုက်များ စွန့်ပစ်ရာတွင် အမှိုက်ပုံးကို အဝါ၊ အစိမ်း၊ အနီ၊အပြာဖြင့်အရောင် လေးမျိုးခွဲခြားထားရှိပြီး၊ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊သံတို သံစ၊ ပိတ်စ၊ သစ်သားစ စတဲ့စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင် အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိတဲ့ ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ရမည်ဖြစ်သည်။
အဆိုပါအမှိုက်ပုံးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ သန့်ရှင်းရေးဌာန၊ စျေးများဌာနနှင့် မြို့နယ်စာရင်းရုံးတို့တွင် စတင်ထားရှိ အသုံးပြုလျက်ရှိပြီး၊ ကျန်ရှိသောဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင်လည်း ဆက်လက်ထားရှိအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)