မြစ်သားမြို့နယ်အတွင်းရှိ မိုးစပါး ဧက ၅၃၄၈၀ လျာထားစိုက်ပျိုး

မြစ်သား     ဇူလိုင်    

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါး ဧက ၅၃၄၈၀ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ ဆန်စပါးထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဆန်စပါးထုတ်လုပ်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအား မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ် နိုင်ရေး၊  အထွက်နှုန်းကောင်းမွန်ရေးအတွက် အဓိကထားကာစိုက်ပျိုးကြပြီး သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်ပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်ရာ မိုးစပါးစိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေအလုံအလောက်ရရှိစေရေးအတွက် အစိုးရဆည်များဖြစ်သည့် ကင်းတား ဆည်မှတစ်ဆင့် စမာမြောင်းနှင့် ပန်းလောင်မြစ်ကြီးတို့မှ လယ်ယာမြောင်းခွဲများရှိစိုက်ခင်းများ အရောက် စနစ်တကျဖြန့်ဝေအသုံးပြု စိုက်ပျိုးကြကြောင်းသိရသည်။       

စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ကူညီခြင်း၊ ခေတ်စနစ်နှင့်အညီ ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများသုံးစွဲခြင်း၊  နယ်မြေအလိုက် တောင်သူများအား စိုက်ပျိုးရေးနည်းပညာများကွင်းဆင်းဟောပြောခြင်း၊ သီးနှံစိုက်ပျိုးချိန် ပိုးမွှားရောဂါအန္တရာယ်မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်း၊ သိပ္ပံနည်းကျပိုးသတ်ဆေး သုံးစွဲခြင်း၊ သဘာဝနည်းပညာများဖြင့်ဖော်စပ်သည့် ပိုးသတ်ဆေးများသုံးစွဲခြင်း၊ စိုက်ပျိုးရေး ရှေ့တန်းစခန်းများအလိုက် ကွင်းဆင်း၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)