ကျောက်ပန်းတောင်း ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန် ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို လွတ်လပ်ရေးရပ်ကွက်ရှိ မူလွန်ကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက ကျောင်းသား/သူများအား ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အားလပ်ချိန်များတွင် စာပေများ လေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့် စသည့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အောင်မေသန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ စာပေ ဗဟုသုတ ရရှိစေရန်အတွက် သုတ/ရသ စာအုပ် (၁၂၀) အုပ်ကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သဲသဲ (ပြန်/ဆက်)