ဗီယက်နမ်နိုင်ငံဖွားဘုန်းတော်ကြီး HT.Thich Thien Tamနှင့် အဖွဲ့က အ.ထ.က (၁၄)မှ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ငွေများလှူဒါန်း

ချမ်းမြသာစည် ဇူလိုင် ၈

မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)ပေါ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ဗီယက်နမ်ဘုန်းတော်ကြီးအဖွဲ့က အလှူငွေများ လာရောက်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဗီယက်နမ်နိုင်ငံဖွား၊ ကနေဒါနိုင်ငံ Truc Lam Tay Thien ဘုန်းတော်ကြီး ကျောင်းဆရာတော် HT.Thich Thien Tam ရန်ကုန်မြို့၊ မဟာပုညဝိဟာရကျောင်း ဆရာတော် သဒ္ဒမ္မဇောတိကဓဇ အရှင်ဝိမလ အမှူးပြုသော ဘုန်တော်ကြီးများ၊ သီလရှင်များနှင့် အလှူရှင်အဖွဲ့ အ.ထ.က (၁၄) ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အလှူငွေကျပ်သိန်း (၃၀) ကို  ကျောင်းအုပ်ဆရာမကြီးထံသို့လည်းကောင်း၊ ဆရာ၊ ဆရာမများနှင့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀၀)ဦးတို့အား ငွေကျပ် (၂၀၀၀၀) နှုန်းတို့ဖြင့် ငွေကျပ်သိန်း (၈၀) ကို လှူဒါန်းကြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့လည်းကောင်း အသီးသီး လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ လှူဒါန်းပွဲသို့ မဟာအောင်မြေခရိုင် ပညာရေးမှူး ဒေါက်တာသက်လှစု၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်၊ ကျောင်းအုပ်ကြီး ဒေါ်ချောစုလွင်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)