ရတနာပုံတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

အမရပူရ ဇူလိုင် ၈

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “အာရှသူရဲကောင်း” သီချင်းကိုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာနိုင်နိုင်မော်က "မမေ့အပ်သော အာဇာနည် ခေါင်းဆောင်ကြီးများ" ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းအရာများကို ဟောပြောသည်။ ထို့နောက် ဟောပြောပေးပါသော ပါမောက္ခ ဒေါက်တာနိုင်နိုင်မော်အား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ဇူလိုင် ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရ မဇင်ဇင်သန့်(အင်္ဂလိပ်စာ)၊ ဒုတိယဆုရ မဇူးဝတီမောင်(သင်္ချာ)၊ တတိယဆုရ မသန့်ဇင်ကျော် (အရှေ့တိုင်းပညာ) တို့အားလည်းကောင်း၊  ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရ မမေသဇင်ထွေး (မြန်မာစာ)၊ ဒုတိယဆုရ မနန်းခိုင်သဇင်ကျော် (ရူပဗေဒ)၊ တတိယဆုရ မရွှေစင်မြင့်(မြန်မာစာ) တို့အား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)