တာမွေ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက် (၁၅၄) လမ်းရှိ မင်္ဂလာဇေယျုံ (ပရိယတ္တိ) စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက မြတ်စွာဘုရားရှင်အား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ကြပြီး မြို့နယ်ဩဝါဒစရိယနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရမင်္ဂလာဇေယျုံ (ပရိယတ္တိ) စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဩဘာသထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ တာမွေမြို့နယ် အရန်မီးသတ်တပ်ရင်း၊ တပ်ဖွဲ့မိသားစုများနှင့် (၇)ရက်သားသမီး အလှူရှင်များမှ လှူဒါန်းသော ဝါဆိုသင်္ကန်းများနှင့် ဝတ္ထုငွေများအား သက်ဆိုင်ရာတာဝန်ရှိသူများက မင်္ဂလာဇေယျုံ (ပရိယတ္တိ) စာသင်တိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မင်္ဂလာဇေယျုံ (ပရိယတ္တိ) စာသင်တိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာသို့ တာမွေမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးမြဲအောင်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ရင်းမိသားစုများ၊ (၇) ရက်သားသမီး အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်တံခွန် (ပြန်/ဆက်)