မိုးများ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးတွင် မန်းချောင်းရေ ဒုတိယအကြိမ် ဖြတ်ကျော်စီးဆင်း

မင်းဘူး ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် ယနေ့နံနက် ၁၀ နာရီ အချိန်က မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက် မန်းချောင်းရေများ ဒုတိယအကြိမ် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေစက်တော် မန်းချောင်းအတွင်း၌ ဇူလိုင်လ ၇ ရက် ညနေပိုင်းမှစတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်း တိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိ‌ကြောင်း၊ ယခုလက်ရှိ အောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ မန်းချောင်းရေများ စတင်ဝင်ရောက်စီးဆင်းနေပြီဖြစ်ကြောင်း၊ မန်းချောင်းအတွင်း ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရားအထက်ပိုင်းရှိ ဒေသများ၌ နေ့စဉ်မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်းသို့ စီးဆင်းဝင်ရောက်ကာ အဆိုပါမန်းချောင်းများမှတစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဖြတ်သန်းစီးဆင်းခြင်းဖြစ်ကြောင်း၊ အဆိုပါ မန်းချောင်းရေများသည် ရွှေစက်တော်မန်းချောင်းမှတစ်ဆင့် မင်းဘူး(စကု)မြို့နယ်အတွင်းသို့ ဆက်လက်ဖြတ်သန်းပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းဝင်ရောက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ‌ပြောသည်။

ယခုနှစ် မိုးရာသီကာလ မန်းရွှေစက်တော်ဘုရားကြီးတွင် မိုးများ၍ မန်းချောင်းရေကျော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က အောက်စက်တော်ရာ ရင်ပြင်အထက် မန်းချောင်းရေ တစ်ပေခန့် ပထမအကြိမ်အဖြစ် ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)