နေပြည်တော် ဇူလိုင် ၈
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၀)ကွင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်၍ကျန်ရှိသည့် ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ရေစီးရေလာကောင်းမွန်စေရေး လယ်ကြားမြောင်းများရှင်းလင်းရန်နှင့် စပါးအထွက်တိုးစေရန် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်အသုံးပြုရေးဆောင်ရွက်ရန်လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်အောင်ဆောင်ရွက်ကာ သဘာဝမြေဩဇာများနှင့် သစ်ရွက်အမှိုက်သရိုက်များပေါင်းစပ်၍ သဘာဝမြေဆွေးများပြုလုပ်ပြီး လယ်ယာမြေများအတွင်း ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂)ကွင်း၊ AAE ကွင်းတွင် စိုက်ပျိုးထားရှိသော ရက်(၉၀) (MR-16) နွေစပါးရိတ်သိမ်းနေမှု အခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)