ချမ်းအေးသာစံ ဇူလိုင် ၈
မန္တလေးမြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီနှင့်ကုန်စည်များဖြတ်သန်း သယ်ဆောင်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၇ရက် နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ဝင်စစ်ဆေးရေး ဂိတ်ကြီးများဖြစ်သော အမရပူရမြို့နယ်ရှိ (ရန်-မန်းလမ်း)ပေါ်ရှိ မြစ်ငယ်စစ်ဆေးရေးဂိတ်နှင့် ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး) စစ်ဆေးရေးဂိတ်များအပါအဝင် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီများနှင့်ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး စစ်ဆေးရေးဂိတ်များရှိ ပူးပေါင်း စစ်ဆေးအဖွဲ့များအလိုက် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများသွားလာမှုအခက်အခဲမဖြစ်ပေါ်စေရေး၊ ယာဉ်ကြောကြပ်တည်း မှုနှင့်ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရေး စနစ်တကျကြပ်မတ်ကာ တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးနှင့် စပ်လျဉ်း၍ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြအကြံပြုဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် အကြံပြုဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရ သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထွန်းထွန်းနိုင်