နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လူထုဖြန့်ပျိုးခြံများအား ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၈

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် တပ်ကုန်း-ပုဗ္ဗသီရိ ကားလမ်းအတွင်း လယ်ယာမြေများပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားပြီးနောက်  မြို့နယ်အဆင့်ဖွဲ့စည်းထားရှိသည့် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျေးရွာအုပ်စုအလိုက်၊ ကွင်းအလိုက်တောင်သူများ၏ လိုအပ်ချက်များဆွေးနွေးတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် နေပြည်တော်တိုင်း၊ ခရိုင်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များနှင့်အတူ ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိ၍ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တ၀ဏ္ဏာရဟအား ဖူးမြော်ကြည်ညိုကာ ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဘဒ္ဒန္တ၀ဏ္ဏာရဟနှင့် ပင့်သံဃာ ၁၁ ပါးအား စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကျောင်းဆောင်သစ်အတွက် ငွေကျပ် သိန်း ၃၀၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ဘဒ္ဒန္တ၀ဏ္ဏာရဟဆရာတော်က ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ဆရာတော်နှင့် သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့သည်။

ယင်း‌နောက် ဦးဇေယျာလင်းနှင့်အဖွဲ့သည် မြို့နယ်သစ်တောဦးစီးဌာန၊ လူထုဖြန့်ပျိုးပင် ခုနှစ်သောင်းခွဲ စိုက်ပျိုးထားရှိသည့် ပျိုးခြံများအား ရောက်ရှိကာ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုးပြည်စေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်