ဒဂုံမြောက် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ရေနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းနေထိုင်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး သရုပ်ပြဆောင်ရွက်မှုအသိပညာပေးခြင်းကို မြို့နယ်စည်ပင်(သန့်ရှင်းရေးဌာန) တာဝန်ခံနှင့်အဖွဲ့မှ သရုပ်ပြသဆောင်ရွက်ခဲ့ပြီး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် သရုပ်ပြပွဲများအား ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းအများအပြား ရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သရုပ်ပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်သူများ စုစုပေါင်းအင်အား(၈၅)ဦး တက်ရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ