ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ထန်းတပင် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့်  စာအုပ်၊ စာစောင်များဖတ်ရှု လေ့လာခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့်စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းဖတ်ရှုနိုင်ရေးဝန်ဆောင်မှုပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာရခြင်း၏ ရည်ရွယ်ချက်မျာကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာရေးဆရာမင်းနန်(မော်ကျွန်း)၏ ၂၀၁၅ ခုနှစ် စာပေဗိမာန်စာမူဆုရ ဘဝအောင်မြင်ရေး ဓမ္မအတွေးအမြင်များစာအုပ်ပါ အကြောင်းအရာများကို အလှည့်ကျဖတ်ကာ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးနှင့်အဖွဲ့ဝင်များက ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြပြီး စာကြည့်တိုက်အသင်းဝင်ရောက်ကာ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)