ပြင်ဦးလွင် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်၉နာရီခွဲက အ.ထ.က(၂)၊ ကမ္ဘောဇဆောင်ခန်းမတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း အဖွဲ့၀င် ဦးဟိန်းမင်းဦး၊ မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေး ဆရာ ကိုရွှေအောင်သင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ (အတွင်းရေးမှူး) ဒေါ်ကြူကြူတို့က အာဇာနည်နေ့နှင့်ပတ်သက်သော ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများအား အသိပညာပေးဟောပြောသည်။ ဆက်လက်၍ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများက ကျပန်း စကားပြောခြင်းနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများက ကဗျာ ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်း၊ ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတ/ရသစာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်၀င်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)