ပင်လောင်း ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ကျက်သရေဆောင် နယ်လုံးဆိုင်ရာ မွေတော်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းအလှူမင်္ဂလာအခမ်းအနားကို အဆိုပါ စေတီတော်၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကကျင်းပရာ စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပန်းရထားယာဉ်ပေါ်သို့ ပင့်ဆောင်တော်မူပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား တင်လှူပူဇော်ခဲ့သည်။
မွန်းလွဲ ၁၂ နာရီခွဲနာရီအချိန်တွင် လှူဒါန်းမှူအစုစုအတွက် တရားတော်နာ ရေစက်ချအခမ်းအနား ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿဂါထာ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး မွေတော်ဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးစိုင်းနော်ခမ်းက မွေတော်ဆုတောင်းပြည့်စေတီတော်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် အလှူငွေရရှိမှုအခြေအနေများကို တင်ပြလျှောက်ထားတော်မူခဲ့သည်။
ထို့နောက် အလှူရှင်များ၊ တရားတော်နာဧည့်ပရိတ်သတ်များက သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကြရာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်ချီးမြှင့်တော်မူပေးပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိလာသ အနုမောသနာတရားတော်ချီးမြှင့်ပေးတော်မူခဲ့ရာ အလှူရှင်များ၊ တရားတော်နာဧည့်ပရိတ်များက ဆရာတော် ဘဒ္ဒန္တဝိလာသထံ ငါးပါးသီလဆောက်တည်ကြပြီး ငါးပါးသီလဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဂါထာဖြင့် ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ မွေတော်ဆုတောင်းပြည့်စေတီတော်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားသည့် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် မြေခခဲ့သည့်အတွက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို ပြုပြင်မွမ်းမံခဲ့ပြီး ပြန်လည်တင်လှူပူဇော်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)