ပုဗ္ဗသီရိ ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ “သုတအလင်းရောင် ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “သုတအလင်းရောင်” စာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦး၊ ဦးဟန်သူနှင့် ဦးခင်မောင်လတ်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များက စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ခရေပင်များအား သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးခဲ့ပြီး စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များ၊ နေပြည်တော်ကောင်စီမှ စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများ၊ စာကြည့်တိုက်အတွက် MRTV DTH စလောင်း၊ MRTV DVB-T2 Set Top Box တစ်စုံ၊ စာအုပ်စာစောင်များ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်း စာကြည့်တိုက် ခြောက်တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)