တာချီလိတ် ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ ဒေသခံပြည်သူများ ရာသီမရွေးဆက်သွယ်သွားလာရေး လွယ်ကူစေရန်အတွက် အရှည်လမ်းပေ ၈၉၀၊ အကျယ် ၁၃ ပေရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မယ်ခေါင် (၁) လမ်းတွင် ကျင်းပသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက မယ်ခေါင် (၁) လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်းကျင်းနိုင်ရေးအတွက် စုပေါင်းထည့်ဝင်လှူဒါန်းသည့် စေတနာရှင် အလှူရှင်များနှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပါဝင်ကူညီပေးကြသော မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကြီးမြတ်သောရွှေမြင်းကုမ္ပဏီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်အား နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကာပဏ္ဍိတ ဘဒ္ဒန္တသုဓမ္မ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသု၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်နိုင်နှင့် မြို့မိမြို့ဖဥက္ကဋ္ဌ ဦးထွန်းနေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ တက်ရောက်လာသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ် တိုင်းရင်းယဉ်ကျေးမှုအဖွဲ့နှင့် ဒေသခံပြည်သူများက လမ်းသစ်အား လိုက်လံကြည့်ရှုသည်။
အဆိုပါ မယ်ခေါင် (၁) လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေးအတွက် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်၏ ဩဝါဒကိုခံယူ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နယ်မြေခံတပ်နယ်မှ တာဝန်ဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ အလှူရှင်များက ထိုင်းဘတ်ငွေ ၁၂ သိန်း ထည့်ဝင်လှူဒါန်းကာ လမ်းအရှည် ၈၉၀ ပေ၊ အကျယ် ၁၃ ပေ ကွန်ကရစ်လမ်းအား တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှကြီးကြပ်လျှက် ကြီးမြတ်သောရွှေမြင်းကုမ္ပဏီမှ ဇွန်လဆန်းပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုလမ်းသစ်ဖွင့်လှစ်ပြီးစီးပါက ဗိုလ်ချုပ်လမ်းမှ ပုံလို့လမ်းသို့ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ပြီး ပုံလို့မီးပွိုင့်တွင် ယာဉ်ကြောကြပ်တည်းခြင်းနှင့် ယာဉ်အန္တရာယ်များပြားခြင်းစသည့်အခက်အခဲများ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)